သည်းခြေအိတ် ကျောက်တည်စေတဲ့ အလေ့အထများ
ဒီတစ်ခေါက်တော့ အခုနောက်ပိုင်းမှာ အဖြစ်များလာတဲ့ သည်းခြေအိတ် ကျောက်တည်တာကို ဖြစ်စေတဲ့ အလေ့အထတွေကို ရှောင်ကြဉ်နိုင်ဖို့ ပြောပြပေးချင်ပါတယ်။
သည်းခြေကျောက်တည်တာက သည်းခြေအိတ်ထဲမှာ တွေ့ရတဲ့ ကျောက်ခဲလိုမျိုး သေးငယ်တဲ့ အနယ်အနှစ်တွေပါ။ သည်းခြေအိတ်က သေးငယ်တဲ့ အိတ်ငယ်လေး ဖြစ်ပြီး အထဲမှာ သည်းခြေရည်တွေ ပါဝင်နေပါတယ်။ သည်းခြေရည်တွေက အဆီတွေကို ချေဖျက်နိုင်စေဖို့ အစာခြေရည်တွေကို ထုတ်လုပ်ပေးပါတယ်။
သည်းခြေကျောက်ဆိုတာ ဘာလဲ?
သည်းခြေကျောက်ဆိုတာက သည်းခြေရည်တွေ မာခဲသွားတာပါ။ သည်းခြေရည်တွေကို ကိုလက်စထရော၊ ရေ၊ အဆီ၊ သည်းခြေဆားတွေ၊ bilirubin လို့ခေါ်တဲ့ သွေးနီဥဆဲလ်တွေက စွန့်ထုတ်တဲ့အရာတွေနဲ့ ဖွဲ့စည်း ထားတာပါ။ ဒီဖွဲ့စည်းမှုမှာ ရေပါဝင်မှု နည်းသွားတဲ့အခါ မာခဲပြီး ကျောက်တုံးလေးတွေ ဖြစ်သွားပါတယ်။
သည်းခြေကျောက်တွေက အကြီးဆုံးအနေနဲ့ ဂေါက်သီးလုံးလောက်ရှိပြီး အသေးဆုံးအနေနဲ့ ကျောက်ခဲသေးသေးလေးလောက် ရှိနိုင်ပါတယ်။
သည်းခြေကျောက် အမျိုးအစားတွေက ဘာတွေများလဲ?
သည်းခြေကျောက်ဆိုတဲ့နေရာမှာ အခုလိုမျိုးတွေ ကွာခြားပါသေးတယ်။
ကိုလက်စထရောကျောက် - ကိုလက်စထရောတွေ၊ lecithin နဲ့ သည်းခြေဆားတို့ အဓိကပါဝင်ဖွဲ့စည်းထားပါတယ်။ အရောင်က စိမ်းဝါဝါ အရောင်ပါ။
Pigment stones - Pigment stones လို့ခေါ်တဲ့ သည်းခြေကျောက်က bilirubin ပမာဏ မြင့်တက်မှုကြောင့် ဖြစ်ရတဲ့ သည်းခြေကျောက်ပါ။ ကယ်လ်ဆီယမ်တွေပါ ပါဝင်ဖွဲ့စည်းထားတာကြောင့် အမဲရောင် သို့မဟုတ် အညိုရောင် ရှိနိုင်ပါတယ်။
Mixed stones - အချိန်ကြာလာတာနဲ့အမျှ ကယ်လ်ဆီယမ်တွေ၊ ကိုလက်စထရော သည်းခြေကျောက်တွေနဲ့ pigment stones တို့ပေါင်းစပ်မိရာကနေ Mixed stone ဖြစ်လာပါတယ်။ ဘဝနေထိုင်မှုပုံစံ၊ စားသောက်မှု အလေ့အထတွေပြောင်းလဲမှုကြောင့် ကိုလက်စထရောကျောက်တွေနဲ့ Mixed stone တွေနဲ့ ကိုလက်စထရောကျောက်တွေ အဖြစ်များပါတယ်။
သည်းခြေအိတ် ကျောက်တည်စေတဲ့ အလေ့အထများက ဘာလဲ?
သည်းခြေကျောက်တွေက အခုနောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံကြောင့် အဖြစ်များလာပါတယ်။ ဘယ်လိုအလေ့အထတွေက သည်းခြေကျောက်တည်စေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
· ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို မထိန်းတာ
သည်းခြေကျောက်တွေကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ အဝလွန်တာပါ။
အဝလွန်တာက ကျန်းမာရေးပြဿနာ များစွာကို ဖြစ်စေနိုင်ပြီး သည်းခြေကျောက်တည်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာက သည်းခြေကျောက်တည်စေနိုင်တာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန် ရအောင် ထိန်းဖို့ လိုပါမယ်။
· ကိုယ်အလေးချိန်ကို အချိန်တိုအတွင်းမှာ အများကြီး ချလိုက်တာ
ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို မထိန်းနိုင်လို့ ဝိတ်ချမယ်ဆိုရင်တောင် ကျန်းမာတဲ့ နည်းလမ်းနဲ့ ဖြည်းဖြည်းချင်း ချပါ။ အပြင်းစား diet နည်းလမ်းတွေနဲ့ ရုတ်တရက် ခပ်မြန်မြန် ကိုယ်အလေးချိန် ကျအောင်ချတာကလည်း သည်းခြေကျောက်တည်စေတဲ့ အလေ့အထတွေထဲက တစ်ခုပါ။
· ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှု အလေ့အထ
စားသောက်မှုပုံစံကလည်း သည်းခြေကျောက်တည်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ အဆီများတာ၊ အသင့်စား၊ အမြန်စား အစားအစာတွေကို လျှော့စားပါ။ အသီးအရွက်တွေ၊ သစ်သီးတွေပါဝင်အောင် စားပါ။
အနီရောင်အသား လျှော့စားပါ။ ပြည့်ဝဆီပါတာတွေကို လျှော့ပါ။ ဒါဆိုရင်တော့ သည်းခြေကျောက်တည်တာကို ကာကွယ်ပေးနိုင်မှာပါ။
ဒီလိုမှ မဟုတ်ဘဲ အနီရောင်အသားတွေ၊ အသင့်စားပြုပြင်ထားတဲ့ အစားအစာတွေ၊ အဆီပါဝင်မှုများတဲ့ အမြန်စား အစားအစာတွေကို စားမယ်ဆိုရင် သည်းခြေကျောက်ဖြစ်မှာ သေချာသလောက်ပါပဲ။
· လေ့ကျင့်ခန်း မလုပ်တာ
လေ့ကျင့်ခန်း ပုံမှန် မလုပ်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ အထိုင်များတာတွေကလည်း သည်းခြေကျောက်တည်တာ အပါအဝင် သည်းခြေရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
တစ်နေ့ကို မိနစ် ၃၀ လောက်နဲ့ တစ်ပတ်ကို ၅ ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို သည်းခြေကျောက် မတည်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။
နေ့စဉ် အထိုင်များမယ်။ ကိုယ်လက်လှုပ်ရှားမှုလည်း နည်းမယ်ဆိုရင် သည်းခြေကျောက်ဖြစ်မှာ အသေအချာပါ။
· လိုအပ်တဲ့ ဆေးဝါးသောက်သုံးမှုတွေ မလုပ်တာ
သွေးထဲမှာ ကိုလက်စထရောများနေတာကို လိုအပ်တဲ့ အဆီကျဆေး သောက်တာမျိုး မလုပ်ဘဲ နေမယ်။ ကျန်းမာရေး စစ်ဆေးကုသမှုတွေ မခံယူဘဲနေမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာမှာ ဖြစ်သလို သည်းခြေကျောက်တည်တာမျိုး ပြဿနာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
ရေးသားသူ - မွန်မွန်